ဇလွန် နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော ဆီထွက်သီးနှံဆောင်းနေကြာ တစ်ကွင်းတစ်စပ်တည်း နေကြာ (၁၀)ဧက စံပြကွက်အား စက်မှုလယ်ယာအစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ(ဆောင်း) နေကြာ စိုက်ပျိုးခြင်းအား စက်မှုလယ်ယာအစေ့ချ ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြရာတွင် တန်းကြားနှစ်ပေ၊ ပင်ကြားကိုးလက်မစနစ်ဖြင့် ဆောင်ရွက်ထား ရှိသော အစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးရာတွင် တစ်ကျင်းလျှင် သုံးစေ့နှုန်း၊ တစ်ဧကလျင်မျိုးစေ့ လေးပြည် ခန့်ကုန်ကျ၍ စိုက်စရိတ်သက်သာပြီး အချိန်တိုအတွင်း စိုက်ပျိုးပြီးစီးနိုင်ကြောင်း စက်မှုလယ်ယာဦးစီးအရာရှိ ဦးဌေးက ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြည်ရှုခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)