ငရုတ်ကောင်းမြို့၊ ဓမ္မိကာရုံကျောင်းတိုက်တွင် ဝိဇယဂမ္ဘီပညာရေးဖောင်ဒေးရှင်းမှ အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်သင်ကြား

ငရုတ်ကောင်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ဓမ္မိကာရုံကျောင်းတိုက်တွင် ဝိဇယဂမ္ဘီပညာရေး ဖောင်ဒေးရှင်းမှ အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့ရာ ဝိဇယပညာရေး ဖောင်ဒေးရှင်း တည်ထောင်သူဆရာတော်ဂမ္ဘီရဗုဒ္ဓိ၊ ဓမ္မိကာရုံ ကျောင်းတိုက်ဆရာတော်၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ဌာနဆိုင်ရာများ၊ သင်တန်းဖြစ်မြောက်ရေး ကော်မတီဝင်များ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဝိဇယဂမ္ဘီပညာရေး ဖောင်ဒေးရှင်း တည်ထောင်သူဆရာတော် ဂမ္ဘီရဗုဒ္ဓိက အဖွင့် အမှာစကားနှင့် သင်တန်းဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ပြီးနောက် အင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာအခြေခံသင်တန်း သင်ကြားပေးမည့် သင်တန်းမှူး ဆရာတော်အရှင်တေဇာနန္ဒက အင်္ဂလိပ် စကားပြောနှင့် ကွန်ပျူတာဘာသာရပ်သည် နိုင်ငံတကာသုံး ဘာသာရပ်များဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ သင်ကြားစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းအား(၁)လကြာ ဖွင့်လှစ်‌သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)