ကော့သောင်း နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ခရီးသည်တင်လေယာဉ်များ မတော်တဆ အရေးပေါ်အခြေအနေများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ ကော့သောင်းလေဆိပ်တွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လေယာဉ်ဖြင့်ခရီးသွားလာရာတွင် လေယာဉ်နှင့်ခရီးသည်များ မမျှော်မှန်းနိုင်သည့် မတော်တဆအရေးပေါ်အခြေအနေနှင့်မီးဘေးအန္တရာယ်များ ကြုံတွေ့လာတဲ့အခါမှာ ပျက်စီးဆုံးရှုံးမှုနှင့် ခရီးသွားပြည်သူများအသက် အန္တရာယ်ဖြစ်ပွားလေ့ရှိတဲ့အတွက် ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်မှု၊ ပြည်သူများရဲ့အသက်အန္တရာယ်ကို ဆောလျင်စွာအချိန်နှင့် တစ်ပြေးညီ ကယ်ဆယ်နိုင်ရန်နှင့်အခြားလိုအပ်ချက်များကိုကူညီပေးနိုင်ရန် ရည်ရွယ်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ သဘာဝဘေး အပါအဝင် မီးဘေးအန္တရာယ်များဖြစ်လာသည့်အခါ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့(၁၉၁)ဖုန်းနံပါတ်သို့ အမြန်ဆုံးသတင်းပို့ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းဦးထံမှ သိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် မီးသတ်ဦးစီးဌာန၏ညွန်ကြားချက်များနှင့်အညီ ခရိုင်နှင့်မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာန သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လေဆိပ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လေကြောင်းရဲတပ်ဖွဲ့ဝင်များ၊ လေဆိပ်ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်းကာ လေယာဉ်များ မတော်တဆအရေးပေါ်အခြေအနေ ကြုံတွေ့မှုနှင့်အတူ ထိခိုက်ဒဏ်ရာရသူများအား အလျင်အမြန်ကယ်ဆယ်၍ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပို့ဆောင်ပေးခြင်း၊ ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုခြင်းနှင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ မီးလောင်ကျွမ်းသည့်နေရာများအား အမြှပ်ဆေးရည် များဖြင့် အမြန်ပက်ဖျန်းငြှိမ်းသတ်ခြင်း စသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လေယာဉ်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဘက်စုံသုံးယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီးနှင့် လူနာတင်ယာဉ်(၂)စီးဖြင့် ကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအသုံးပြုကာ၊ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)