ပေါက်ခေါင်း နိုဝင်ဘာ ၂၅
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ရောက်ရှိပါသောကြောင့် ပြည်သူများ၏နေအိမ်အဆောက်အဦများ၊ ဈေးဆိုင်များနှင့်သာသနိကအဆောက်အဦများ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများအဖွဲ့က ကြိုတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းက မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်များအား စစ်ဆေးပြီး ဈေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲမင်းသန်း၏ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့်မြို့မစည်ပင်သာယာဈေး တာဝန်ရှိသူများအဖွဲ့က ဈေးဆိုင်များတွင် နေ့စဉ်အသုံးပြုနေသော ထင်းမီး၊ မီးသွေး၊ လျှပ်စစ်မီး၊ ဂက်(စ်)မီးဖို အသုံးပြုသူများအား မီးစနစ်တကျအသုံးပြုရန်၊ မီးကြွင်းမီးကျန်များကို စနစ်တကျ ငြိမ်းသတ်ရန်နှင့်လျှပ်စစ်မီးဖိုနှင့်ဂက်(စ်)မီးဖိုများသုံးစွဲပြီးပါက ခလုပ်များစနစ်တကျ ပြန်ပိတ်ရန်နှင့်နေအိမ်များတွင် မီးလောင်လွယ်သောပစ္စည်းများကို စနစ်တကျထားရှိရန်တို့ကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဈေးဆိုင်ခန်းပိုင်ရှင်များသို့ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)