ဘိုကလေး နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် နိုဝင်ဘာ(၃)ရက်နေ့မှစတင်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက် အကူပြုဆွေးနွေးပွဲသင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ နံနက်(၉)နာရီတွင် အဆိုပါ သင်တန်းဆင်းပွဲ ကျင်းပရာ သင်တန်းဆင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
အဆိုပါ သင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပ္ပတ္တာ မြို့နယ်များ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မ (၁၃၇)ဦး တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုသင်တန်းသို့ လာရောက် တက်ရောက်ကြသော ဆရာ/မများသည် တိုးတက်ပြောင်းလဲလာသော ပညာရေးကို မျက်ခြေမပြတ် အစဉ်လေ့လာသင်ယူပြီး မိမိတို့ကိုယ်တိုင် ထာဝရကျောင်းသားကြီးများအဖြစ် ခံယူကြရန် လိုအပ်ကြောင်း၊ ပညာရေးစနစ် တိုးတက်မြင့်မားရေးအတွက် ဆရာ/မများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါသည့်အတွက် ယခုကဲ့သို့ အရည်အသွေးမြှင့် သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ မိမိတို့ ကိုယ်တိုင်လည်း စာများများ ဖတ်ရှုပြီး တပည့်များကိုလည်း စာများများ ဖတ်ကြရန် တိုက်တွန်းရန် လိုအပ်ကြောင်း၊ နာ(၃)နာကိုအခြေခံ၍ တပည့်များ စံနမူနာထားရမည့် ဆရာ/မများအဖြစ် သွားလာကျင့်ကြံနေထိုင်ကြရန် လိုအပ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အလိုက် သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး အဆိုပါ သင်တန်းအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်အား ပေးအပ်ခဲ့ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)