ကံမမြို့နယ် ရွာသာယာကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ  နိုဝင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂ နာရီက ကံမမြို့နယ် ရွာသာယာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး  ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးက ဒေသဖွံ့ဖြိုးရေး တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူး ရဲထွဋ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် စည်းကမ်းလိုက်နာကြရန်  အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက်  ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု   အခြေအနေများအား ပြောကြား​ကြ​ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စု  လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊  ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊    မီးသတ်ဦးစီးဌာနမှ    ရွာသာယာ ကျေးရွာအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအကြံပေးခြင်းများ ဆောင်ရွက်၍ ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)