ကလေးဝမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲ ပြုလုပ်

ကလေးဝ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းပြပွဲကို ပြုလုပ်ခဲ့သည်။

ကွင်းပြပွဲကို နိုဝင်ဘာလ ၂၅ ရက်နံနက် (၁၀) နာရီက မြန်မာဆယ်မာအူးလ်အွန်ဒုံ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း (Saemaul Undong Project Myanmar) ရွာဖြစ်သည့် မြေသာကျေးရွာအုပ်စု လယ်ကြီးတောကျေးရွာ တောင်သူဦးဖိုးကြွက်ပိုင် ကွင်းအမှတ် ၃၇/၂၊ ဦးပိုင်အမှတ် ၁၁၃/A ဆင်းသုခ စပါးစံကွက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်း (၇) ဦး၊ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသန်းမြတ်စိုးနှင့် ဝန်ထမ်း (၅) ဦး၊ ဒေသခံတောင်သူ (၁၅) ဦးတို့ တက်ရောက်ခဲ့ကြပြီး ၀.၁၀ ဧကအား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကပျမ်းမျှ အစိုအထွက်နှုန်း ၁၀၇.၅ တင်းထွက်ရှိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက တက်ရောက်လာသည့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ကိုဇော် (ချင်းတွင်း-မြစ်သာ)