မအူပင် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အခြေခံ စားသောက်ကုန်၊ အခြားလူသုံးကုန် ပစ္စည်းအရောင်းဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်စည်းကမ်း လိုက်နာ ရောင်းချရန် အသိပေးစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၏ ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်များ အနေဖြင့် လ္ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအား လူစုလူဝေး မဖြစ်ပေါ်စေရန် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချရန် ထုတ်ပြန်ကြေညာချက်အား မအူပင်မြို့အတွင်းသို့ လှည့်လည် လှုံ့ဆော်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်များအား ပူးပေါင်း ပါဝင်လိုက်နာနိုင်ရန် အသိပညာပေး လှုံ့ဆော်ခဲ့ပြီးနောက် မအူပင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် အဖွဲ့ဝင်များက အခွန်လွတ်စျေး၊ သားငါးစျေး၊ မြို့မစည်ပင်သာယာစျေး၊ (၃)လမ်းစျေးနှင့် မြို့တွင်းရှိ ပျံကျစျေးများ၊ ကုန်ပစ္စည်းရောင်းသည့် အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)