ရှမ်းရွာသစ် နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဒေသခေါ် တောင်ယာငရုပ်သီးများ ပေါ်ဦးပေါ်ဖျား ပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောင်ယာငရုပ်သီးပင်များကို မိမိတို့၏ တောတောင်ခြံမြေများနှင့် တောင်ယာများတွင် မိုးလယ်ကာလစက်တင်ဘာလ၌ မျိုးစေ့များကြဲပက်သည့် စနစ်ဖြင့်လည်းကောင်း၊ အပင်ပေါက်များ ပျိုးထောင်၍သော်လည်းကောင်း အဓိကထား တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ နိုဝင်ဘာလတွင် အသီးစတင်ထွက်ရှိကြောင်း၊ မြေအမျိုးအစားမရွေး ဖြစ်ထွန်းပြီး စိုက်ပျိုး၍ရကြောင်း၊ ရင့်မှည့်ပြီးချိန်တွင် အသီးများခူးဆွတ်၍ မိသားစုစားသောက်ရန်ဖယ်ပြီး ပိုလျှံသည့် ငရုပ်သီးများကို ပြန်လည်ရောင်းချကြောင်း၊ ယခင်နှစ်တွင် တောင်ယာငရုပ်သီး တစ်ပြည်လျှင် ငွေကျပ် (၂၀၀၀)ကျပ်သာ ရရှိပြီး ယခုနှစ်တွင် (၃၀၀၀)ကျပ်ရရှိရာ မိသားစုများ တောင်ယာငရုပ်ပေါ်ချိန်တွင် ဝင်ငွေ ပုံမှန်ရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ တောင်ယာငရုပ်စိုက်ပျိုးသည့် လုပ်ငန်းကို နှစ်စဉ် လုပ်ကိုင်စိုက်ပျိုးကြကြောင်း၊ တောင်ယာငရုပ်သီးသည် သဘာဝ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့်အတွက် ဒေသနေပြည်သူများ အများဆုံး နှစ်သက်ကြပြီး ထမင်းဝိုင်းတွင် မပါမဖြစ် စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာငရုပ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီးနှံဖြစ်ကာ ဈေးကောင်းလည်း ရရှိသဖြင့် စိုက်ပျိုးရောင်းချသူများ ယခင်နှစ်ထက်ပိုများလာကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)