ဖျာပုံမြို့ အထက(၃)ကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဖျာပုံ နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖျာပုံမြို့၊ အမှတ်(၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က အထက-၃ ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ အမှတ် (၈၀) ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှတပ်ဖွဲ့စုမှူး၊ ဒုရဲမှူး ယဥ်မင်းသိုက်က ယာဥ်အန္တရယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး ဆိုင်ကယ်မောင်းနှင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်နှင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများအား အသေးစိတ် အသိပညာပေး ရှင်းလင်းပြောကြားပြီး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး၊ အမှတ် (၈၀)ယာဥ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဥ်မင်းသိုက်နှင့် တပ်ဖွဲ့ဝင်များ၊ အထက-၃ ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)