ကသာ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ “မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်” အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ခင်ဇာသွယ်တို့က ဆွေးနွေးခဲ့ကြရာ ဦးစီးအရာရှိ ဒေါ်စောကလျာက မီးခိုးမြူငွေ့အဓိပ္ပာယ်နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ ဒုတိယလက်ထောက် ဦးစီးမှူး ဒေါ်ခင်ဇာသွယ်က မီးခိုးမြူငွေ့ အဓိပ္ပာယ်ကိုလည်းကောင်း၊ မီးခိုးမြူငွေ့ ဖြစ်ပေါ်လာရသည့် အကြောင်းအရင်းများအနက် တောမီးလောင်ကျွမ်းခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်းနှင့် စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော အခိုးအငွေ့များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။ ထိုအကြောင်း အရာများထဲမှ တောမီး လောင်ကျွမ်းစေသော အကြောင်းအရင်း(၂)ရပ်ကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများက မီးခိုးမြူငွေ့များအကြောင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)