ရေတာရှည် နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် ရေတာရှည်မြို့ စည်ပင်သာယာဈေးအား မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်း ပညာပေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါ စည်ပင်သာယာဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်က မီးလောင်မှု၏ အခြေခံသဘောတရားများ၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများအား ဆွေးနွေးပြောကြားခဲ့ပြီး စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်နည်းအား လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စျေးသူစျေးသားများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန့်ဇင်ဝေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းဇော်မိုးနှင့် တာဝန်ရှိသူများက ရေတာရှည်မြို့ စည်ပင်သာယာဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက်ထားမှု အခြေအနေ များ၊ ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှုအခြေအနေများနှင့် ရေရယူသုံးစွဲရန် အဆင်ပြေမှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက စျေးသူစျေးသားများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)