မြို့သစ် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ငရုတ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရာ ငရုတ်သီးအပင်များ အောင်မြင်ဖြစ်ထွန်းပြီးငရုတ်သီးစိမ်းစျေးများ အနည်းငယ်မြင့် တက်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ငရုတ်သီးစိမ်းကို ဒေသခံပြည်သူများ ရာသီမရွေးစားသုံးကြပြီး မိသားစုဝင်ငွေ တိုးပွားစေရန် စိုက်ပျိုးသူများက တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချလျက်ရှိသည်။ လက်ရှိဈေး ကွက်အတွင်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၄၅၀၀)ကျပ် စျေးရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ငရုတ်သီးစိမ်းများ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းလာသည့်အတွက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာရခြင်းဖြစ်နိုင်ကြောင်း ငရုတ်သီးကုန်သည်များ ထံက သိရသည်။
ငရုတ်သီးစိမ်း စိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်က ငရုတ်သီးစိမ်းများကို မိုးကာလအတွင်း၌သာ စိုက်ပျိုးကြပြီး ယခုငရုတ်သီးစိမ်းစိုက်ပျိုးမှုကို မြေအောက်ရေအသုံးပြုကာ ရာသီမရွေးစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် နွေရာသီအတွက် ငရုတ်သီးစိမ်း ထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး ငရုတ် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ် မှာ မျိုးစေ့၊ ပျိုးပင်၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့် တက်မှုများရှိသည့်အတွက် ယခင်စိုက်ပျိုးမှု များထက် သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင်က ငရုတ်သီးစိမ်းစျေး တစ်ပိဿာ (၁၅၀၀/၂၀၀၀) ကျပ်စျေးရောင်းချခဲ့ပြီး ယခုအခါ ငရုတ်သီးစိမ်းစျေးများ (၄၅၀၀)ကျပ် စျေးရောင်းချလာရသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေနိုင်ကြောင်း ငရုတ်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)