ကရင်ပြည်နယ်မှ သူနာပြုဆရာ/ဆရာမ ၂၀ဦး ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာ

ဘားအံ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန် ထမ်းဆောင်ရန် ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြပြီဖြစ်သည်။
ကိုဗစ် ၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်း ဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် က ရန်ကုန်ဖောင်ကြီးမှာ COVID-19 Positive လူနာတွေကို အထူးကြပ်မတ်ကုသစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ ကရင်ပြည်နယ်ကနေပြီး သွားရောက်မယ့် Volunteer သူနာပြုတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များဖြည့်ဆည်း ပေး မည်ဖြစ်ကြောင်းနဲ့ နောက်ဆံမတင်းဘဲ ကိုယ့်ကျန်းမာရေး ပြည်သူ့ကျန်းမာရေး တာဝန်တွေကို ထမ်းဆောင်ကြဖို့ မှာကြားခဲ့ပြီး ဂုဏ်ပြုငွေ ခြောက်သိန်းကို ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊  ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်၊ ဘားအံပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာဘရန်အောင်နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဖောင်ကြီး)တွင် သွားရောက် တာဝန်ထမ်း ဆောင်ကြမည့် သူနာပြုများအား လိုက်ပါပို့ဆောင်ခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)