တောင်တွင်းကြီးမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစံပြစိုက်ခင်း(၁၀)ဧက ဖြစ်ထွန်းအောင်မြင်

တောင်တွင်းကြီး နိုဝင်ဘာ ၂၅

မကွေတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်  ရေတွင်းကောင်းကျေးရွာ တောင်သူဦး‌အေးမောင် စိုက်ပျိုးထားသည့် မိုးနှောင်းချည်မျှင် ရှည်ဝါ ရွှေတောင်(၈)စံပြစိုက်ခင်း(၁၀)ဧက အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံများကို ပိုးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကင်းထောက်မှတ်တမ်းများယူခြင်း၊ တောင်သူများ ကုန်ကျစရိတ်သက်သာပြီး သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး၊ သီးနှံ အရည်အသွေးကောင်းမွန်ရေးအတွက် သဘာ၀ပိုးတားဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြသပညာပေးခဲ့ပြီး ဓာတုဆေးများလျော့ချသုံးစွဲလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မျိုး‌အေးထံမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ချည်မျှင်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀ နှင့်​ ငွေချည်-၉ ဝါများကို အဓိကထားစိုက်ပျိုးထားရှိရာ ယခုနှစ်တွင်မိုးကြို(၅၀)ဧက၊ မိုး(၁၂၆၇)ဧက၊ မိုးနှောင်း(၆၁၂၈)ဧက၊ စုစုပေါင်းဝါစိုက်ဧက (၇၄၄၅)ဧက စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်တွင် အပင်များပိုးမွှားရောဂါကျရောက်မှုမရှိဘဲ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)