နတ်မောက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပင်းမြို့ဟောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများနှင့် အသက်(၁၈)ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းလက်ဝယ်ကိုင်ဆောင်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများကလည်း မိမိတို့ကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိက မိမိတို့ဌာနအနေ၏ စိုက်ပျိုးရေးတောင်သူများအား အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး စပါးမျိုး၊ ဝါမျိုးစေ့နှင့် ပဲတီစိမ်းမျိုးစေ့များ ဖြန့်ဝေပေးမှု အခြေအနေများ၊ စိုက်ပျိုးရေးတောင်သူများအား သဘာ၀မြေဩဇာ ထောက်ပံ့ပေးမှုအခြေအနေနှင့် တောင်သူများအနေဖြင့် မြေဆီဩဇာစျေးမြင့်တက်နေချိန်တွင် သဘာ၀မြေဆွေးဖြင့် မြေဆီပြုလုပ်နိုင်မှု အခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများကလည်း ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးစသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ ဆွေးနွေးခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများကလည်း လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ပေးသွားမည့် အကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ပညာရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း