ဒေးဒရဲ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးများ ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲက အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုအသိပညာပေးဟောပြောပွဲမှ ပို့ချမည့်အချက်အလက်များကို မိမိပတ်ဝန်းကျင်နှင့် မိသားစုများသို့ ပြန်လည်ဖြန့်ဝေပေးသွားကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က ကလေးသူငယ်အခွင့်အရေးများ ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးပူးပေါင်းပါဝင်စို့နှင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဆွေနွေးဟောပြောခဲ့ပြီး ဖျာပုံခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်က ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပို့ချခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း