တောင်ငူပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနားကျင်းပ

တောင်ငူ နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် ယနေ့နံနက်ပိုင်းက တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဆင်းပွဲအခမ်းအနားကျင်းပသည်။

ရှေးဦးစွာ တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းမြင့်က ယခုကျင်းပဆွေးနွေးသည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်မှုအထောက်အကူပြု ဆွေးနွေးပွဲဆောင်ရွက်ရခြင်းအတွက် များစွာဂုဏ်ယူမိပါကြောင်း၊ အခြေခံပညာရေး၏ ရည်မှန်းချက်များအနက် ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေယဉ်ကျေးမှု အနုပညာရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကိုတန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်စေရန်ဆိုသည့် ရည်ရွယ်ချက်ကို အဓိကဖော်ဆောင်မည့် ဆရာ၊ ဆရာမများအား ယခုလိုဆွေးနွေးပွဲမှာ ဆရာအတတ်ပညာများ မျှဝေခွင့်ရရှိခဲ့ပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၃)၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများ၍ အရည်အသွေးရှိသောသင်ကြားသင်ယူမှုမြှင့်တင်ရေး အသုံးချသုတေသနနှင့် ဆန်းသစ်တီထွင်မှုအားပေးရေးကို ပေါက်မြောက်အောင်မြင်စေရန်၊ စုစည်းဆောင်ရွက်မည့် အပြောင်းအလဲလုပ်ငန်းစဉ်(၁၀)ရပ်အနက် အခွင့်အလမ်းနှင့်လူတိုင်းအကျုံးဝင်မှုသည် အဓိကကျသည့်အတွက် အခြေခံပညာရေးတွင် လူတိုင်းအကျုံးဝင်သင်ယူနိုင်ရေးအတွက် အခွင့်အလမ်းများအနက် သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်ဆီလျော်စွာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီကလည်း အခြေခံပညာအဆင့်တွင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ စာသင်ခန်းသုံးဘာသာစကားအဖြစ် တွဲဖက်အသုံးပြုရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကား(၅၀)မျိုးနှင့် မူလတန်းသင်ရိုးညွှန်းတမ်းများကို အပြီးသတ်ရေးဆွဲပြီး သတ်မှတ်ထားသည့်ကျောင်းများတွင် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအားလုံးအတွက် အရည်အသွေးမြှင့်တင်ပေးရေးသည် ပညာရေးဒီဂရီကောလိပ်များ၏ တာဝန်ဖြစ်သည့်အလျောက် မျိုးဆက်သစ်တပည့်များ၏ ပညာရေးကိုသာမက လူ့အဖွဲ့အစည်းရှင်သန်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး ဒေသလူမှုစီးပွားရေး၊ ပညာရေးအဆင့်အတန်းမြှင့်တင်ရေးလုပ်ငန်းများတွင် ပါဝင်ဦးဆောင်နိုင်ရေးအတွက် လက်ရုံးရည်သာမက နှလုံးရည်များကိုပါ ပြုစုပျိုးထောင်ပေးနိုင်သူများဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အထောက်အကူပြုဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ပဲခူးခရိုင်မှ(၁၉)ဦး၊ ညောင်လေးပင်ခရိုင်မှ(၆၆)ဦး၊ တောင်ငူခရိုင်မှ(၃၄)ဦး၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ(၄)ဦး စုစုပေါင်း ဆရာ၊ ဆရာမ (၁၂၃)ဦးအား တိုင်းရင်းသား ဘာသာစကားသင်အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲလက်မှတ်များကို တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်စန်းစန်းမြင့်၊ တောင်ငူခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းနှင့် တာဝန်ရှိသူများ ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖျော်ဖြေမှုများဖြင့် ဆွေးနွေးပွဲဆင်းပွဲအခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)