ဘိုကလေးမြို့နယ်၌ နေကြာမျိုးစေ့ ပေးအပ်ပွဲ ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၌ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှ တိုးတက်မြင့်မားရေးကော်မတီမှ ဘိုကလေးမြို့နယ်အတွင်းရှိ ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာအုပ်စုနှင့် ထော်ပိုင်ကျေးရွာအုပ်စုတို့ရှိ နေကြာစိုက်ပျိုးမည့် တောင်သူများအား ယနေ့နံနက်(၉) နာရီခွဲအချိန်၌ နေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပသည်။

မျိုးစေ့ပေးအပ်ပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးသောင်းနိုင်ဦးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးခိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဝင်းစိုးဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမောင်က မိမိတို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ နေကြာစိုက်ပျိုးရန် ဧကပေါင်း(၂)သိန်း (၂)သောင်းကျော် လျာထားလျက်ရှိပြီး ဘိုကလေးမြို့နယ်တွင် နေကြာစိုက်ပျိုးဧက(၃၀၀) စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အန္တရာယ်ကင်းရှင်းသည့် နေကြာဆီ ထုတ်လုပ်စား သုံးနိုင်ရန် တောင်သူများအနေဖြင့် စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်းကာ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်ကြရန် လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများမှ ဘိုကလေးမြို့နယ်အတွင်းမှ နေကြာစိုက်ပျိုးကြမည့် ဒေါင့်ကြီးကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာအုပ်စုနှင့် ထော်ပိုင်ကျေးရွာ အုပ်စုတို့မှ တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)