ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျွန်းစု နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်း၏ အပြင်ပ လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေးတို့ကို သိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က  ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်နှင့် ဆုံးရှုံးနစ်နာမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးထက်က မြို့တွင်းလမ်းမများတွင် သတ်မှတ်ထားရှိသည့် သင်္ကေတအမှတ်အသားများ အဓိပ္ပာယ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာနှင့် ကျွန်းစုမြို့မ စခန်းမှူးစံလှတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ မော်တော်ကား မောင်းနှင်သူများ၊ စီးနင်းသူများ ခါးပတ်ပတ်ရန်၊ ယာဉ်မောင်းသူတိုင်း ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားရန် လိုအပ်ပါကြောင်း၊ ယာဉ်မောင်းသူများ လိုက်နာရမည့်ယာဉ်စည်းကမ်းများ၊ လမ်းဖြတ်ကူးသွားလာနေသည့် ပြည်သူအများ လိုက်ရမည့် လမ်းစည်းကမ်းများ၊ ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ မြို့တွင်းလမ်းမများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။ 

စည်သူရအောင်(ကျွန်းစု)