စလင်းမြို့နယ်တွင် ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ် ပို့ချ

စလင်း နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့နံနက် ၉ နာရီအချိန်က ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေအသုံးချသူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဦးစီးအရာရှိ မြို့ပြ ဦးမျိုးမြင့်က မိတ်ဆက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်းက ရေအသုံးချသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းတွင် ရေအသုံးချသူများအဖွဲ့ အသင်းအဖွဲ့စည်းမျဉ်းများအကြောင်း၊ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းရခြင်း၏ အကျိုးကျေးဇူးများတွင် ပါဝင်သည့် ညီမျှသော ဆည်ရေပေးသွင်းမှု၊  စီမံခန့်ခွဲမှု၊ ဆုံးဖြတ်ချက်များတွင် လယ်သမားများ ပါဝင်ခွင့်ရရှိခြင်း၊ ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ခြင်း၊ ဆည်ရေစီမံခန့်ခွဲမှုဆုံးဖြတ်ချက်များတွင် လယ်သမားများ ပါဝင်ခြင်းဖြင့် ဆည်ရေကို အသုံးပြုမှုနှင့်ပတ်သက်သည့် ပြဿနာများကို လျော့နည်းအောင် ဆောင်ရွက်နိုင်ခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရေအသုံးချသူများအဖွဲ့၏ တာဝန်ဝတ္တရားများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ရေအသုံးချသူများ ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရရှိနိုင်မည့်အကျိုးရလဒ်များ တားမြစ်ချက်များ အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး နိဂုံးချုပ်တွင် ပြစ်မှုပြစ်ဒဏ်များအကြောင်းများကို သင်တန်းသားများ နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသားများမှ သိလိုသည်များကို မေးမြန်းရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန ဦးစီးအရာရှိ မြို့ပြ ဦးမျိုးမြင့်က ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် နွေစပါး၊ နွေနှမ်းများ စိုက်ပျိုးမည့် တောင်သူများအတွက် ယခုနှစ်တွင် ရေအလုံအလောက်ရှိကြောင်း သင်တန်းတွင် ရေအသုံးချ သူများအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းသား (၂၃) ဦးတို့ဖြင့် တစ်နေ့တာ သင်တန်းပို့ချ ဆွေးနွေးသွားမည်ဖြစ်​ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းကို စိုက်ပျိုးရေး၊ ဦးစီးဌာနရုံးမှ သိရှိရသည်။

မောင်လွင်(စလင်း)