ရေဦး နိုဝင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်ဦးစီးဌာနမှူးရုံးအနေဖြင့် နိုင်ငံတော်စီမံချက်ဖြစ်သော ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဒေသခံပြည်သူများ အိမ်ထောင်စုလူဦးရေစာနှင့် နိုင်ငံသားစိစစ်ရေးကတ်များ လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီမှစ၍ အရှိန်မပျက်ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပန်းခင်းစီမံချက်(၁)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်မှ အသက်(၁၈)နှစ်သို့လဲလှယ်ပေးခြင်း၊ ဟောင်းနွမ်းပျောက်ဆုံးပျက်စီးလျက်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်များ အသစ်ပြန်လည်ပြုလုပ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်ပြုလုပ်ပေးခြင်းများ၊ အိမ်ထောင်စုအလိုက် ပြောင်းဝင်၊ ပြောင်းထွက်ခြင်း၊ လူဦးရေတိုးခြင်း၊ လျှော့ခြင်းနှင့် မွေးဖွားသူစာရင်းတိုးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ပန်းခင်းစီမံချက်(၁)ဖြင့် လျာထားဦးရေ ၃၄၇၃ ဦး ဖြစ်သော်လည်း ၃၈၃၃ ဦးထိဆောင်ရွက်ပေးနိုင်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၁၁၀ ဒသမ ၃၇ ရာခိုင်နှုန်းထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ကျန်ရှိနေသူများကိုလည်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးရာ၌ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးနေသလို ရုံးသို့လာရောက်သူများကိုလည်း နှာခေါင်းစည်းပေးဝေခြင်းများဆောင်ရွက်ပေးလျက်ရှိပါတယ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်
သန်းထိုက်