ထားဝယ် နိုဝင်ဘာ ၂၄
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ(ဗဟို)အဖွဲ့တို့ပူးပေါင်း၍ ထားဝယ်အမျိုးသားနေ့ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ညနေပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို )ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင်မြ(ငြိမ်း) က ထားဝယ်လူမျိုးများအမျိုးသားရေး စိတ်ဓာတ်နိုးကြားလာစေရန်၊ ထားဝယ်လူမျိုးများ ပိုမိုစုစည်းမိလာစေရန်နှင့်စုစည်းရရှိလာသော အင် အားစုဖြင့် မိမိထားဝယ်တိုင်းရင်းသားအရေးနှင့်ပတ်သက်သော ကိစ္စများကို စည်းညီညွတ်စွာလုပ်ဆောင်နိုင်ရန်၊ ပုဂ္ဂိုလ်အရေး၊ လူတန်းစားအရေး၊ ဘာသာရေး၊ နိုင်ငံရေးနှင့်စီးပွားရေးအလျင်း မပြုဘဲထားဝယ် အမျိုးသားနေ့ကိုထားဝယ်အမျိုးသားရေးစိတ်ဓာတ်၊ ထားဝယ်လူမျိုးများအချင်းချင်းရိုင်းပင်းကူညီ လိုသောစိတ်ဓာတ်များမြင့်မားလာစေရန်၊ ထားဝယ်တိုင်းရင်းသားအရေးကဏ္ဍများကို မြှင့်တင်လို သည့် စိတ်ဓာတ် များကိန်းအောင်းရှင်သန်လာစေရန်စသည့်ရည်ရွက်ချက်များဖြင့် ထားဝယ်အမျိုး သားနေ့အခမ်းအနားကိုနှစ်စဉ် ကျင်းပလာခဲ့သည်မှာ ပဥ္စမအကြိမ်ရှိပြီးဖြစ်ကြောင်း၊ ထားဝယ် အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့်အခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးဦးနိုင်ဝင်း က ထားဝယ်ဟူသော ဝေါဟာရ ရေးထုံး ကိုသမိုင်းဆရာများက အမျိုးမျိုးချဉ်းကပ် စူးစမ်းလေ့လာခဲ့ကြကြောင်း၊ ယနေ့ အချိန်အထိ တိကျပီပြင်ခိုင်မာသည့် အဖြေကိုမရသေးပါကြောင်း၊ အလွန်ရှေးကျတယ်ဆိုသည်ကို ခန့်မှန်းသိရှိခဲ့ရပါကြောင်း၊ ကျောက်ခေတ်နှောင်းကာလကတည်းက “ထားဝယ်မှာလူသားများ ရှိနေပြီ"ဆိုသည်ကို သမိုင်းဆရာများ ကောက်ချက်ချခဲ့ကြောင်း၊ ဥဩအော်သည်၊ ထားဝယ်တည်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ၊ ကောဇာသက္ကရာဇ် ၁၁၁၆- ခုနှစ် တွင် ထားဝယ်မြို့ ကိုဦးနဲလှ တည်ခဲ့ပြီး မြို့တည်စဉ်ကမြို့အမည်ကို“သာယာဝတီမြို့"လို့အမည်ပေးခဲ့ကြောင်းနှင့် ထားဝယ်လူမျိုး ပေါ် ပေါက်လာပုံသမိုင်း အကြောင်း အား ရှင်းလင်းဆွေနွေးပြောကြားသည်။
ဆက်လက်၍ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ (ဗဟို)မှတာဝန်ရှိသူ ဦးအေးထွန်းက ဖြည့်စွက် ရှင်းလင်းဆွေးနွေး ပြောကြားပြီးဦးနိုင်ဝင်းက ရှင်းလင်းဆွေးနွေးပြောကြားပေးပါသော ဒုတိယ ဗိုလ်မှူးကြီ တင်မြ (ငြိမ်း)နှင့် တာဝန်ရှိသူ ဦးအေးထွန်း အားကျေးဇူးတင်ရှိကြောင်းနှင့် ဆွေးနွေးပွဲ Talk Showကိုဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)