မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်

မြင်းမူ နိုဝင်ဘာ ၂၄

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ရာ သာဿနာ့နွယ်ဝင်ရဟန်းရှင်ပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် အပိုထပ်ဆောင်းဆေးများကို ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူပေါင်း(၉၇၅၀၆)ဦး ရှိကြောင်း၊ (၁၈)နှစ်အထက် ကာကွယ်ဆေးထိုးရန် လျာထားသူပေါင်း(၈၅၈၀၆)ဦးရှိသည့်အနက် နိုဝင်ဘာလ(၂၃)ရက်နေ့ထိ ပထမအကြိမ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၆၅၄၆၅ ဦးဖြစ်သည့်အတွက် (၇၆ ဒသမ ၆၄)ရာခိုင်နှုန်း၊ ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူ ၅၂၈၃၅ ဦး ဖြစ်သည့်အတွက် ၆၁ ဒသမ ၅၇ ရာခိုင်နှုန်း ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အများပြည်သူရုံးပိတ်ရက်မှအပ နေ့စဉ်နံနက်(၈) နာရီမှ နေ့လည်(၁၁)နာရီအထိ မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ တစ်နေရာတည်းတွင်သာ ထိုးနှံပေးလျက်ရှိရာ ဆေးထိုးနှံခြင်းလုပ်ငန်းများအဆင်ပြေချောမွေ့စေ ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)