ကျောက်တံခါးမြို့နယ် အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်တံခါး နိုဝင်ဘာလ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉) နာရီက အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းသည် လူငယ်တွေအသိပညာ ပိုမိုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိလာစေရန်ဖြစ်ကြောင်း၊ လူငယ်များအချင်းချင်း အသိပညာ အတတ်ပညာ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ယဥ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍  လူငယ်စကားဝိုင်း စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်သူ (၆) ဦးတို့က လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ပညာရေး၊  လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ပြည်သူ့နီတိ၊ လူငယ်နှင့်မူးယစ်ဆေး အစရှိသည့် ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်အကျိုးတော်ဆောင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ( ၂၃၅) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)