မြဝတီ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်စုစုစံနှင့် မြနှင်းရည်ရှိန် မြန်မာပြန်ဆိုရေးသားသည့် “နှလုံးသားဖြင့်နားဆင်ပါ” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ (Youth Club) အသင်းဝင် ဦးထွန်းထွန်းဦးက “နှလုံးသားဖြင့်နားဆင်ပါ” စာအုပ်မှ စိတ်နှလုံးကိုရရှိနိုင်သော အသိဉာဏ်ပညာ ခေါင်းစဉ်ဖြင့်ဆွေးနွေးပေးရာတွင် ငယ်စဉ်မှစ၍ စိတ်နှလုံးနူးညံ့သိမ်မွေ့ခြင်းသည် လူတစ်ယောက်အတွက် အရေးပါသောလက္ခဏာကောင်းပင်ဖြစ်ကြောင်းနှင့် သူတစ်ပါးစကားအား ဂရုတစိုက်နားထောင်ပေးခြင်းသည် မိတ်ဆွေခင်သူပေါများနိုင်ကြောင်း ဦးဆောင်ဆွေးနွေးပေးပြီး (Youth Club) အသင်းဝင် မောင်စိုင်းအောင်မျိုးသူနှင့် တက်ရောက်ကြသည့်အသင်းဝင်များက ဆွေးနွေးပေးသည့်ခေါင်းစဉ်အပေါ် မိမိတို့အမြင်များဖြင့် အကြံပြုဆွေးနွေးပေးကြသည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ဝိုင်းများပုံမှန်ဆောင်ရွက်ပေးခြင်းအားဖြင့် အသင်းအဖွဲ့ဝင်အချင်းချင်း ရင်းနှီးချစ်ခင်မှုရရှိစေပြီး စာပေမှရရှိသည့်အသိပညာများကို သူတစ်ပါးအားပြန်လည်မျှဝေပေးစေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း