ထီးလင်း၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိ

ထီးလင်း စက်တင်ဘာ ၂၁

ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေး ဘဏ်ခွဲရုံး၌အငြိမ်းစား ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းမှ စ၍ ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ပင်စင်လစာများ စတင်ထုတ်ပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ သက်ကြီးရွယ်အို (အငြိမ်းစား)များ ပင်စင်လစာ ထုတ်ယူရာ၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး စနစ်တကျ နေရာချထားပေးခြင်း၊ ရုံးအဝင်ပေါက်ဝ၌ လက်သန့် ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက် ပေးကြသည်။

ထီးလင်းမြို့နယ်တွင် ပင်စင်(အငြိမ်းစား) ဝန်ထမ်းဦးရေ ၁၀၀၀ ကျော်ရှိပြီး (COVID-19) ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ငွေပေးကောင်တာ(၃)ခု ထားရှိ၍ (၅) ဦးစီသာ အလှည့်ကျ ထုတ်ပေးလျက် ရှိကြောင်း၊ စတင်ထုတ်ပေးသည့် ပထမနေ့တွင် ပင်စင်လစာ လာရောက်ထုတ်ယူသူ (အငြိမ်းစား) ဝန်ထမ်း(၂၀၀)ဦးခန့် ရှိကြောင်း၊ အုပ်စု(၅)အုပ်စုခွဲ၍ (၅) ရက်ကြာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး ဘဏ်မန်နေဂျာ ဦးငြိမ်းချမ်းအေး ထံမှ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)