စစ်ကိုင်း နိုဝင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်း၍ စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့၊ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်များနှင့်အတူ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှု နှင့်အတူ ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ စုပေါင်း၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍သော်လည်းကောင်း၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များကလည်း မိမိတို့၏ အစီအစဉ်များဖြင့် သော်လည်းကောင်း မြို့၏ အချက်အခြာကျသည့် နေရာများတွင် ခရီးသွား ပြည်သူများ၊ ဈေးဝယ်လာ ပြည်သူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်