ကန့်ဘလူမြို့နယ်၌ ဒေသနွားမျိုးများအား ​မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ကန့်ဘလူ နိုဝင်ဘာ ၂၄

အသားကဏ္ဍ ဖွံ့ဖြိုးတိုက်ရေးအတွက် ခေတ်မီနည်းပညာများဖြင့် ဒေသနွားများအား မျိုးမြှင့်တင်၍ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ တိုးတက်ရရှိနိုင်ရေး၊ တိရစ္ဆာန်ကောင်ရေ အရင်းအမြစ်များ မပြုန်းတီစေရန်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထုတ်လုပ်ဖွံ့ဖြိုးမှု အထောက်အကူ ဖြစ်စေရေးအတွက် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့် မျိုးဗီဇရှိသော တိရစ္ဆာန်များ ဖော်ထုတ်ထိန်းသိမ်း မွေးမြူနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေသနွားများ မျိုးမြှင့်တင်ရန်နှင့် နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေရန် မျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေသနွားများ မျိုးမြှင့်တင်ရန်နှင့် နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေရန် မျိုးနွားသိုးဖြင့် သဘာဝနည်းဖြင့် သားစပ်ခြင်း၊ မေထုန်မဲ့နည်းဖြင့် သားစပ်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်းဖြင့် ဒေသမျိုးများကို အသားထွက်နှုန်း ကောင်းသော နွားမျိုးများရရှိစေပါတယ်။ မျိုးကောင်းမျိုးသန့်များ ရရှိတဲ့အတွက် စျေးကွက်ဝင်ပြီး ပေါက်ပွားလာတဲ့ နို့စားနွားများအနေဖြင့်လည်း နို့ထွက်နှုန်းကောင်းသဖြင့် နွားမွေးမြူသူတွေ မိသားစုဝင်ငွေများပိုမိုရရှိစေပါတယ်” ဟု မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမြတ်လင်းက ပြောပြသည်။     

ထိုသို့ ဆောင်ရွက်ရာတွင် မေထုန်မဲ့သားစပ်လုပ်ငန်းများအောင်မြင်စေရန် မြို့နယ်အတွင်းရှိ ကျေးရွာများမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၂၀ ဖြင့် ဝန်ထမ်းများပူးပေါင်း၍ မေထုန်မဲ့နည်းဖြင့် မြန်မာ့နွားမျိုးများဖြစ်သည့် နွားရွှေနီ၊ နွားပြာစိမ်းတို့ကို သားစပ်ခြင်း၊ နို့ထွက်နှုန်း ကောင်းမွန်စေရေး နိုင်ငံခြားနွားမျိုးများဖြစ်သည့် Holstein Friesian နို့စားနွားမျိုးများနှင့် သားစပ်ခြင်း လုပ်ငန်းများကို ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကန့်ဘလူမြို့နယ်၌ မျိုးနွားသိုးဖြင့် သဘာဝနည်းဖြင့် သားစပ် ကောင်ရေ ၅၀၀၊ မေထုန်မဲ့နည်းဖြင့် သားစပ်ကောင်ရေ ၃၆၀၊ ဇီးရှိကောင်ရေ ၁၆၀၊ သားပေါက်ကောင်ရေ ၈၀ အထိ ရရှိခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)