လေးမျက်နှာ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စုတွင် ဆောင်နေကြာသီးနှံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် မရမ်းချောင်းရိုးအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
လေးမျက်နှာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်ရည်ရွယ်၍ ဆီထွက်သီးနှံ နေကြာ (၁၁၀၃၅) ဧက စိုက်ပျိုးသွားမည်ဖြစ်၍ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်း၍ အဖွဲ့(၄) ဖွဲ့ ခွဲကာ မြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးပြီးစီးမှု၊ မြေယာပြုပြင်ထားရှိမှုနှင့် အပင်ပေါက်နှုန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည့် နည်းပညာအကူအညီများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကူညီ ဆောင်ရွက်ပေးခြင်း၊ ကျေးရွာအုပ်စုများမှ တင်ပြချက်များအရ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ မရမ်းချောင်းရိုးသည် အရှည် (၁.၂၅) မိုင်၊ ထိပ်ဝ အကျယ်၁၈ ပေနှင့် အောက်ခြေအကျယ်၆ပေ၊ အမြင့်/အနက်၆ပေရှိကာ မြေကြီးကျင်းပေါင်း ၄၁၇၉ကျင်းရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၉) သန်းဖြင့် အောင်ထူးအေးကုမ္မဏီမှ ၁၃.၁၁.၂၀၂၂ရက်နေ့မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါမရမ်းချောင်းရိုးပြန်လည်တူးဖော်ခြင်းလုပ်ငန်း ပြီးစီးပါက ပန်းတောကြီးကျေးရွာ အုပ်စုအတွင်းရှိ ဆောင်နေကြာစိုက်သီးနှံ (၅၀) ဧကအတွက် စိုက်ပျိူးရေ လုံလောက်စွာရရှိမည်ဖြစ်ပြီး ယခုအခါတွင် လုပ်ငန်းအားလုံး၏ (၇၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း (ပြန်/ဆက်)