တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှုအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု World Antimicrobials Awareness Week အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပုသိမ်   နိုဝင်ဘာ  ၂၄

တစ်ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှု အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှု World  Antimicrobials   Awareness   Week  အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ပုသိမ်မြို့၊ မြက်တို စုပေါင်းရုံးတွင် ယမန်နေ့၊ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်ကျော်ဇောက  ပဋိဇီဝဆေးနှင့်ပတ်သက်၍  အဖွင့်အမှာစကား  ပြောကြားခဲ့သည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးမှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ပဋိဇီဝဆေးဝါးများ အလွန်အကျွံအသုံးပြုခြင်းနှင့် လွဲမှားစွာသုံးစွဲခြင်းကြောင့် ဆေးမတိုးသည့် ဇီဝပိုးမွှားများ အရေအတွက်တိုးပွားလာပြီး နောက်ဆက်တွဲအနေနှင့် အစား အစာများမှတဆင့် ပိုးမွှားများသည် လူသို့ကူးစက်ခံရပြီး ကုန်သွယ်မှုနှင့် ကူးသန်းသွားလာမှုများမှတစ်ဆင့်ဆေးယဉ်ပါးသောရောဂါပိုးများ ကမ္ဘာ့နေရာအသီးသီးသို့ ပျံ့နှံ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးအတွက် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ဆောင်ရွက်ချက်များနှင့် ပဋိဇီဝဆေးယဉ်ပါးမှုလျှော့ချရေးအတွက် တိရိစ္ဆာန်ဆေးကုသဆရာဝန်မှ ညွှန်ကြားထားသည့် ပဋိဇီဝဆေးများသာ အသုံးပြုရန်၊ ပဋိဇီဝဆေးများသည် ရောဂါတိုင်းကိုမကုသနိုင်သဖြင့် လိုအပ်မှသာသုံးစွဲရန်၊ တရားဝင်ဖြန့်ဖြူး၊ ရောင်းချခွင့်ပြုထားသော တိရစ္ဆာန်သုံးပဋိဇီဝဆေးများသာ သုံးစွဲရန်စသည့် အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်း၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် အသိပညာပေးဆွေးနွေးခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ One Health အတွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီး အကဲများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်ဟန်