ကရင်ပြည်နယ်တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲပြုလုပ်

ဘားအံ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ပြည်နယ်အတွင်း ကလေးအလုပ်သမားပပျောက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဝင်ငွေနည်းပါးသည့်မိသားစုများ အတွက် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန် ယခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းမှသင်ကြားပေးလိုက်သည့် သင်ခန်းစာများသည် လက်တွေ့နယ်ပယ်နှင့် အနီးစပ်ဆုံးကိုက်ညီသည့် အခြေခံသဘော တရားများကို ကောက်နုတ်ထားသည့်အတွက် ခဏတာလေ့လာ၍မရဘဲ တစ်ဘဝစာသင်ယူ လေ့လာသွားဖို့လိုကြောင်း၊  သင်တန်းဆရာများက တစ်လကြာသင်ကြားပို့ချပေးခဲ့သည့် စာတွေ့/လက်တွေ့ သင် ခန်းစာများကို ကြိုးကြိုးစားစားလေ့လာမှတ်သား၍ မိမိတို့၏စိတ်ကူးစိတ်သန်းအကြံ ဉာဏ်များ ဖြည့်စွက်ပြီး တီထွင်ကြံဆလုပ်ကိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ မလွဲမသွေရရှိလာမည်ဖြစ်ကာ တစ်ဦးချင်းဝင်ငွေလည်း ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ သင် တန်းမှရရှိခဲ့သည့် အသိပညာ၊ အတတ် ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိရပ်ရွာ အကျိုး၊ မိမိဒေသအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင် ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ကရင် ပြည်နယ်ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးဦးစိုးလွင်က သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားများပြောကြား၍ ၎င်းတို့ကိုယ်တိုင်လက်တွေ့ ဆောင်ရွက်ထားသော အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းပုံစံငယ်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)