ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ရေး အိပ်ခန်းပေါင်း (၃၇)ခန်း ပါဝင်သော Amara Hpa-an Hotel ဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၂၄

စိမ်းလန်းသော ရေမြေတောတောင်သဘာဝ ရှုမျှော်ခင်းများနှင့်အတူ ထင်ရှားသော ထုံးကျောက်တောင် သဘာဝလိုဏ်ဂူများ၊ တန်ခိုးကြီးဘုရားများ၊ စိမ့်စမ်းရေတံခွန်များ၊ ဖော်ရွေသော ဒေသခံတိုင်းရင်းသားများနှင့် သဘာဝအခြေခံ အပန်းဖြေအနားယူစရာ နေရာများ ပေါများစွာ တည်ရှိခြင်းကြောင့် ကရင်ပြည်နယ်သည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ အမှတ်(၉) ရပ်ကွက်၌ အိပ်ခန်းပေါင်း ၃၇ ခန်း ပါဝင်သော Amara Hpa-an Hotel ကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဟိုတယ်ကို ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ဟိုတယ်လုပ်ငန်းရှင် ဦးတင်မိုးဝင်းနှင့် ဒေါ်နော်ဂျူလီအဲနာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ Amara Hpa-an Hotel အတွင်း လာရောက်တည်းခိုမည့် ခရီးသွားဧည့်သည်များအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယခုကဲ့သို့ Amara Hpa-an Hotel ကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူ ၄၀ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်နိုင်သော ဟိုတယ်ပေါင်း ၅၅ လုံးနှင့် အိပ်ခန်းပေါင်း ၁၈၅၂ ခန်းရှိကာ  ခရီးသွားဧည့်သည်များအား ကောင်းမွန်သည့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘားအံ-တော်ပုံကားလမ်းမကြီးဘေးရှိ အိပ်ခန်းပေါင်း ၃၂ ခန်းပါဝင်သော Hotel Karen Valley ကိုလည်း မကြာမီ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသ အရှေ့-အနောက် စီးပွားရေးစင်္ကြံန်လမ်းမကြီးပေါ်တွင် တည်ရှိ၍ ပတ်ဝန်းကျင်ဒေသများနှင့် ဆက်သွယ်သွားလာရ လွယ်ကူပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ သွားလာရာ လမ်းခရီးတစ်လျှောက်တွင် ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မြင်တွေ့နိုင်ခြင်း၊ ရိုးသားဖော်ရွေမှုရှိခြင်း၊ ပျူငှါယဉ်ကျေးခြင်း၊ ဒေသ၏ အဝတ်အထည်၊ အစားအသောက်များကို လွယ်ကူစွာဝယ်ယူစားသောက် နိုင်ခြင်း၊ တည်းခိုနေထိုင်ရန် နေရာထိုင်ခင်း အလုံအလောက်ရှိခြင်း၊ သမိုင်းဝင်အမွေအနှစ်များအား လွယ်လင့်တကူ လေ့လာနိုင်ခြင်း၊ အေးချမ်းသာယာခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဘုရားဖူးဧည့်သည်များ နေ့စဉ် ဝင်ထွက်သွားလာမှုနှင့်အတူ ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရေးအတွက် ခရီးစဉ်ဒေသများအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေဘဲ သန့်ရှင်းသာယာလှပရေး၊ စည်းစနစ်တကျ ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကာ ပြည်နယ်အတွင်း ဟိုတယ်အလုံးပေါင်း ၁၇ လုံး၊ အိပ်ခန်းပေါင်း ၈၆၆ ခန်းမှာ တည်ဆောက်ဆဲဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)