သရက်ချောင်း နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်၊ ထားဝယ်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကော်မတီဝင်များနှင့် ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲခေါင်က အဖွင့်အမှာစကား ပြောကြားပြီး သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်း (ဆီထွက်သီးနှံ) စိုက်ပျိုးလုပ်ကိုင်ရန် ရန်ပုံငွေ ခွဲဝေချထားပေးမှုအား ကျေးဇူးတင်ကြောင်း၊ စိုက်ပျိုးသူ တောင်သူများအနေဖြင့် ရန်ပုံငွေများကို စနစ်တကျသုံးစွဲပြီး စိုက်ပျိုးရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကောင်းမြတ်ထက်က သရက်ချောင်းမြို့နယ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက (ဆီထွက်သီနှံ) မျိုးစေ့စိုက်ပျိုးနည်း ပညာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ ရန်ပုံငွေကျပ်သိန်း ၃၀၀အား လွှဲပြောင်းပေးအပ်ခြင်း၊ (ဆီထွက်သီနှံ)မျိုးစေ့များအား ပေးအပ်ခြင်းနှင့် မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေနှင့်ပတ်သက်သည့် ငွေစာရင်းပုံစံ စာအုပ်များအား ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)