ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ဇီးကုန်း နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ဇီကုန်းမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက သာပေါင်းကျေးရွာအုပ်စု၊ လယ်တွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးသန်းက ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာ ခေါင်းစဉ်ဖြင့် အကြမ်းဖက်မှုများ ဆိုင်ရာ အမျိုးအစားများ၊ အကြမ်းဖက်မှု ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများ၊ ကြိုတင်ကာကွယ်နည်းနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်သဲစုက မူးယစ်ဆေးဝါးများအကြောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း၊ လူကုန်ကူးမှုအကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာဆောင်ရွက်သင့်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို ကျောင်းသား၊ လူငယ်များ သတိပြုရှောင်ကျဉ်နိုင်ရန် အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဉာဏ်လင်းအောင်က ကလေးသူငယ်နှင့် သက်ဆိုင်သော အခွင့်အရေးနှင့် ဥပဒေရေးရာများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ   ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)