အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

အိမ်မဲ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက  သက်ဆိုင်ရာဌာနရုံးအ သီးသီးတွင်လုံခြုံရေးကိုအထူးဂရုစိုက်ကြရန်၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်ယခုအပတ်တွင် ညောင်ဝိုင်းကြီးကျေးရွာတွင် ဆောင်ရွက်မည်ဖြစ်သောကြောင့် ကျန်းမာရေးနှင့်ပညာရေးဌာနများမှ ကျေးရွာရှိကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများအား ကွင်းဆင်းစစ်ဆေးရန်၊ လကုန်ပညာရေးအစည်း အဝေးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ဖိတ်ကြားရန်၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် လိုင်စင်မပါသော ထော်လာဂျီများအားမြို့တွင်းသို့ အဝင် မခံကြရန်နှင့် လိုင်စင်ပါသော ထော်လာဂျီများကိုလည်း သတ်မှတ်ထားသောလမ်းများကသာ သွားလာခွင့်ပြုရန်၊ ဌာနဆိုင်ရာများအား သတ်မှတ်ထားသောရွာအလိုက်ကွင်းဆင်း ဆောင်ရွက်ရာ၌ ကိန်းဂဏန်းစာရင်းကောက်ခိုင်းခြင်းမဟုတ်ပဲ နွေစပါးနှင့်နေကြာစိုက်ဧက ပြည့်မှီရေးကို ဦးစား ပေးဆောင်ရွက်ရန်၊ အိမ်မဲမြို့နယ်အနေဖြင့် နေကြာစိုက်ဧက (၃၂၆၂)ဧကကို သီးသန့်စိုက်ပျိုးရန် နှင့် ဧက ပြည့်မှီမှသာ သီးညှပ်စိုက်ပျိုးကြရန်၊ ဌာနဆိုင်ရာများကထွေ/အုပ် သို့ ကိန်းဂဏန်းများတင် သည့်အခါ (ဥပမာ စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနှင့်ပတ်သက်သော နွေစပါးစိုက်ဧက ဘယ်လောက်စိုက်ပျိုးပြီးစီးကြောင်းတင်သည့်အခါ ထွေအုပ်သို့ ပေးသည်ကစာရင်းတစ်မျိုး၊ ခရိုင် စိုက်ပျိုးရေးသို့မြို့နယ်စိုက်ပျိုးရေးကတင်သည်ကစာရင်းတစ်မျိုး)ပေးသည့်အတွက် စာရင်းအမှန် ကိုသာ တင်ပြကြရန်၊ ဌာနဆိုင်ရာများကလည်း မြို့နယ်မှပေးသည့် တာဝန်ကိုသေသေချာဆောင်ရွက်ပေးကြရန်၊လျှပ်စစ်ဌာနအနေဖြင့် မြို့နယ်အတွင်း မီးလာ၊မီးပြတ်သည့် အချိန်ကို အချိန်ဇယားဆွဲ၍ ပေးပို့ရန်၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပြည်သူများဝိုင်းဝန်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူး အောင်သွင်စိုးက လုံခြုံရေးနှင့် သက်ဆိုင်သော အရာမှန်သမျှကို သတင်းပေးပို့ကြရန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မျိုးက ဌာနဆိုင်ရာရုံး များအနေဖြင့် လုံခြုံရေးကိုအရင်ကထက် ပိုမိုဂရုစိုက်ကြရန် စသည့်လုံခြုံရေးဆိုင်ရာ ကိစ္စများကို ပြောကြားခဲ့ပြီး တက်ရောက်လာသည့်ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပါဝင်ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။

ချစ်သက်လယ်(အိမ်မဲ)