ကြို့ပင်ကောက် နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အ-ထ-က(ပန်းတင်)ကျောင်းတွင် လူကုန်ကူးမှုအန္တရယ်တိုက်ဖျက်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်လူကုန်ကူးမှုတာဆီးကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများနှင့် ဥပဒေများကို လူငယ်လူရွယ်များသိရှိနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ဟောပြောဆွေးနွေးသည့်အခါ သိလိုသည်များကိုမေးမြန်းဆွေးနွေးနိုင်ကြောင်း ဒါမှသာ ဒီကနေ့ဟောပြောအသိပညာပေးမှုမှ သိသင့်သိထိုက်သောအချက်အလက်များကို ရရှိသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ရာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိုးသန်းက ဟောပြောပွဲတွင် အသိပညာပေးဟောပြောပေးပါသော ဌာနဆိုင်ရာအကြီးအကဲများကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်သီဟ၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်သရဖီလှိုင်၊ သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မို့မို့အေးတို့က သက်ဆိုင်ရာခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ရာ ပြန်လည်ဆွေးနွေးမေးမြန်းခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ရဲတပ်ဖွဲ့မှ အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း