ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ပုံမှန်လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ငပုတော နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ၏ ပုံမှန်လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်သူ၊ ​အဖွဲ့ဝင် (၁) ဗိုလ်မှုးဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများနှင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် လုံခြုံရေး အမြဲသတိရှိကြရန်၊ ကိုဗစ် -၁၉ ကာကွယ်ရေးထိုးနှံရန် ကျန်ရှိပါက ဆက်လက်ထိုးနှံ ပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်နှင့် အပတ်စဥ် စနေနေ့တိုင်း ဌာနဆိုင်ရာများ၏  စုပေါင်းသန့်ရှင်းရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှုးဖြိုးသူရကျော်က ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အမြဲသတိရှိကြရန်၊ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်ကြရန်နှင့် မြို့နယ်အတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်သွားလာခြင်းရှိပါက သတိပေးဆောင်ရွက်ကြရန်နှင့် မိမိဒေသ လုံခြုံရေးအတွက် လုံခြုံရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများက မိမိတို့ဌာန၏  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ၊ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)