ပွင့်ဖြူ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် မိသားစုဝင်ငွေ တိုးပွားလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့်တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး စီမံကိန်းချေးငွေများကို စဉ်ဆက်မပြတ် ဆပ်/ထုတ် စနစ်ဖြင့် ထုတ်ချေးဆောင်ရွက် ပေးနေခြင်းဖြစ်ပါကြောင်း ၊ စီမံကိန်းချေးငွေများကို အကျိုးရှိရှိ အသုံးချပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သွားကြစေလို ကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ထူးကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၉ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄၆ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသားဦးရေ ၂၃၀ ဦးအတွက် အဋ္ဌမအကြိမ် မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၅၄ ဒသမ ၀၅ သန်းအား စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)