ကံမ နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ရှစ်ချိုကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လည် (၁)နာရီက အုပ်ရှစ်ချိုကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး အတွင်းရေးမှုးက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် စည်းကမ်းလိုက်နာကြရန် အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက်ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ အုပ်ရှစ်ချိုကျေးရွာအတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး အကြံပေးခြင်းများ ဆောင်ရွက်၍ ရွာလယ်ဓမ္မာရုံ အတွင်းအပြင်တို့၌ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)