ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူလယ်သမားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား လိုအပ်သည့်မျိုးကောင်း/မျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်အလိုက် မိမိတို့မြို့နယ်အတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးသည့်တောင်သူများအား အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျစာရင်းကောက်ယူသွားရမည်ဖြစ်ပြီး တောင်သူများလက်ဝယ် တိုက်ရိုက်ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာသမဝါယမဦးစီးဌာနမှလည်း ဆောင်းပဲတီစိမ်းနှင့် နွေစပါးအသင်းအဖွဲ့များလည်းဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်နေသူကိုသာထောက်ပံ့ပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုစီမံကိန်းသည် Pilot Project ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူများအပေါ်စေတနာထားကာ အကျိုးရှိသည့်လုပ်ငန်းဖြစ်၍ စနစ်တကျ အောင်မြင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တောင်သူအစုအဖွဲ့များနှင့် သမဝါယမအစုအဖွဲ့များအတွက် ပံ့ပိုးဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးက ခရိုင်/မြို့နယ်အလိုက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်၊ စိုက်ပျိုးရေရရှိရေးနည်းလမ်းများနှင့် အစုအဖွဲ့များဖွဲ့စည်းထားရှိမှုများအားလည်းကောင်း အသီးသီးအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ဆောင်းပဲတီစိမ်းစိုက်ဧကနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး လျာထားမှုအခြေအနေနှင့် တောင်သူများထောက်ပံ့မှုရရှိရေး ဆောင်ရွက်သွားမည့်အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်