အုတ်တွင်း နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ ခပေါင်း-ကျောင်းရှစ် ဆယ်ကျေးရွာနှင့် ဥယျာဉ်တော်ကျေးရွာများသို့ ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ကျေးရွာနေပြည်သူများအား ပွင့်လင်းရာသီ ရောက်လာပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ဆောင်ရန်/ရှောင်ရန် သတိပြုရမည့် အချက်များကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကျော်မြင့်က ရှင်းလင်းပြောကြားပြီး သန္ဓေမီး သတ်တပ်ဖွဲ့ဝင် ရှစ်ဦးနှင့်အတူ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများတွင် လျှပ်စစ် မီးကြိုးများ စနစ်တကျ သွယ်တန်းတပ်ဆင်ထားမှုရှိ မရှိ၊ လျှပ်စစ်မီးများ သုံးစွဲရာတွင် ခံနိုင်ဝန်အားထက် ကျော်လွန်သုံးစွဲထားခြင်းရှိ မရှိ၊ လောင်စာဆီ/ လောင်စာ ပစ္စည်းများ စနစ်တကျသိုလှောင် ထားခြင်း ရှိ/မရှိ၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်ထားရမည့် မီးချိတ်၊ မီးကတ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေး ခဲ့သည်။ မီးဘေးအန္တရာယ် ကျရောက်လာပါက မြို့နယ် မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ် အကြောင်းကြားနိုင်ရန်လည်း လမ်းညွှန်မှာကြားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)