သာပေါင်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ သာသနာနှစ်-၂၅၆၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပဉ္စမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီးအထိမ်းအမှတ် မဟာပဌာန်းပူဇော်ပွဲနှင့် (၇)ရက်(၇)ညတာ ဓမ္မသဘင်ပူဇော်ပွဲအခမ်းအနား စတင်ဖွင့်လှစ်ကျင်းပကြသည်။
ပဉ္စမအကြိမ်မြောက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီး၏ (၅)နှစ်ပြည့်အထိမ်းအမှတ် မဟာပဌာန်းပူဇော်ပွဲနှင့် (၇)ရက်(၇)ညတာဓမ္မသဘင်ပူဇော်ပွဲ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဆင်ကူးရတနာမာန်အောင်ကျောင်းတိုက်ဆရာတော်မှဘုရားပင့်၍ ကန်းနီဆရာတော်က ဆက်လက်၍ ပဌာန်းအကြောင်းသိကောင်းစရာ အနုမောဒနာတရားဖြင့် ချီးမြှင့်ပြီးနောက် မြို့သစ်ကျောင်းဆရာတော်မှ အနုမောဒနာ တိုက်တွန်းလွှာဖြင့် သဲကုန်းဆရာတော်မှ ပဌာန်းအမွှန်းရွတ်ဖတ်ပူဇော်စတင်၍ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်လျက်ရှိကြသည်။
မဟာပဌာန်းပူဇော်ပွဲကို အလှည့်ကျသံဃာတော်များက ရွတ်ဖတ်ပူဇော်ကြပြီးနောက် ညတရားပွဲများဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များညစဉ် ဟောပြောညွှန်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း