ပေါင်းတည်မြို့နယ်တွင် မီးဘေးကာကွယ်​ရေး ခေတ်ဟောင်း သံမဏိရေစည်ကြီးများ ယနေ့အထိ နေရာအနှံ့ရှိ

ပေါင်းတည် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့လျှင် မီးငြှိမ်းသတ်ရာ၌ အထောက်အကူပြုစေရန်နှင့် အရေးပေါ်အသုံးပြုနိုင်ရန် ရပ်ကွက်အသီးသီးနှင့် မြို့မစျေးကြီးအနီးတို့တွင် သံမဏိရေစည်ကြီးများကို ရှေးယခင် ၁၉၅၃ ခုနှစ်ကတည်းက စနစ်တကျ တည်ဆောက်ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သံမဏိ ရေစည်ကြီးများ၏ သက်တမ်းသည် နှစ်ပေါင်း ၇ဝ ကျော်ပြီဖြစ်သော်လည်း မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးစီးမှူး အဆက် ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့မှုကြောင့် ယခုတိုင် ကြံ့ခိုင်လျက်ရှိကြောင်းနှင့် ယင်းသံမဏိရေစည် ၁ စည်လျှင်ရေဂါလံ ၂၅၀၀ သိုလှောင်ထားနိုင်ပြီး မြို့ပေါ် ၁၂ ရပ်ကွက်ရှိ သံမဏိရေစည်များအနက် ၉ စည်သည် ယနေ့တိုင် ကျန်ရှိနေသေးကာ အချို့ကို အသုံးပြုလျက်ရှိကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ပေါင်းတည်မြို့နယ်တွင် သန္ဓေမီးသတ်ဌာန ၄ ဌာနရှိပြီး ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ အချို့တွင်လည်း ကိုယ်ပိုင်မီးသတ်ယာဥ်များရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)