ပေါင်းတည်မြို့နယ်တွင် စွန့်ဦးမွေးမြူရေးလုပ်ငန်းအဖြစ် သိုးမွေးမြူရေးစတင်လုပ်ကိုင်

ပေါင်းတည် နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက်နှင့် ဆိတ်များကိုသာ အစဉ်အဆက်မွေးမြူလေ့ရှိရာမှ ယခုနှစ်တွင် သိုးမွေးမြူရေးလုပ်ငန်းကိုလည်း စွန့်ဦးမွေးမြူရေးလုပ်ငန်းအဖြစ် စတင်လုပ်ကိုင်လာကြောင်း သိရသည်။

သိုးများသည် ဆိတ်များကဲ့သို့ စားကျက်သို့လွှတ်၍ကျောင်းရကြောင်း၊ ဆိတ်များကဲ့သို့ပင် စားသောက်ကြ၍ ခြံထဲတွင် ဇီးသီးဖတ်ကို အဓိကထားကျွေးကြောင်း၊ စားကျက်တွင် သစ်ရွက်အစုံစားကြောင်း၊ ယခုမွေးမြူထားသည်မှာ သိုးသားထုတ်လုပ်ရန်အတွက်ဖြစ်ပြီး ပေါင်းတည်မြို့တွင် သိုးမွေးမြူရေးခြံ ၂ ခြံရှိ၍ သိုးကောင်ရေ ၂၀၀ ခန့်ကို ဆိတ်များနှင့်ရောနှောမွေးမြူထားကြောင်း၊ စတင်လုပ်ကိုင်သည်မှာ မကြာသေးသည့်အတွက် အကျိုးအမြတ်အနေဖြင့် တွက်ချက်မရသေးသော်လည်း ရာသီဥတုပြောင်းလဲလာမှုကြောင့် ယခုကဲ့သို့ ဆိတ်များနှင့်ရော၍ စမ်းသပ်မွေးမြူခြင်းဖြစ်ကြောင်း၊ ယခုအချိန်အထိသိုးများသည် အနာရောဂါကင်းရှင်းလျက် ရှင်သန်ကြီးထွားမှုရှိနေ၍ အကျိုးအမြတ်ရှိမည့် မွေးမြူရေးလုပ်ငန်းဖြစ်ကြောင်း စျေး ၂ ရပ်ကွက် ၄ လမ်းနေ သိုးမွေးမြူသူ ဦးကုလားကြီးထံမှ သိရသည်။

သူရကြီး