နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲစင်းငုံနှင့် ဆီထွက်သီးနှံ နေကြာသီးညှပ် စိုက်ပျိုးထားရှိမှုများကို ယမန်နေ့ နံနက်ပိုင်းက ချောင်းနက်ကျေးရွာအုပ်စုရှိ စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှု့ခဲ့ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဝန်ထမ်းများက စိုက်ပျိုးထားသည့် သီးညှပ်စိုက်ခင်းများအား ဒေသခံတောင်သူများဖြင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနည်းပညာများအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။ နတ်မောက်မြို့နယ်တွင် မိုးဦးသီးနှံများဖြစ်သည့် နှမ်း၊ မြေပဲသီးနှံများအတွင်း ပဲစင်းငုံသီးညှပ်ဧက (၃၇၀၅၂) စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းများရိတ်သိမ်းအပြီးတွင် ပဲစင်းငုံ စိုက်ပျိုးထားသည့် တန်းကြားများအတွင်း ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ချည်မျှင်ရှည်ဝါ၊ မြေပဲနှင့် ပဲတီစိမ်းသီးနှံများကို သီးထပ်စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။
ဦးလှဝင်း ပြန်/ဆက်