နတ်မောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ဘက်စုံသုံးခန်းမတွင် ပညာရေးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မူလတန်းအဆင့် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကာယဉာဏပြိုင်ပွဲများကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအား အင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့်အတွက် မူလတန်းအဆင့်မှစ၍ အင်္ဂလိပ်စာအရေးအဖတ်အားကောင်းစေရန်၊ လူငယ်/လူရွယ်များ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်တတ်စေရန်၊ အလေ့အကျင့်ကောင်းမှ အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာတွင် အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဂေါ်လီလုံးကောက်ပြိုင်ပွဲ၊ ဘောလုံးနောက်ပစ်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
မူမူစန်း