ဟင်္သာတ နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကျင်းပသော စာဆိုတော်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁၁ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် စာရေးဆရာ ကိုကြေး(ပျဥ်းမကုန်းကိုကြေး)မှ စာဆိုတော်နေ့ သဝဏ်လွှာကိုဖတ်ကြားပြီး ဟင်္သာတ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမခင်ရှင်စောမှ စာရေးဆရာအသင်း၏ ဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက်စာဆိုတော်နေ့ အခမ်းအနား ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်း(ဘုန်းမင်းရာဇာ)က အားလုံးကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။
ယနေ့ အခမ်းအနားတွင် စာဆိုတော်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနား ပထမပိုင်းတွင် ဟင်္သာတ မြို့နယ်စာရေးဆရာအသင်းမှ ကျင်းပသော သက်ကြီးစာရေးဆရာများ ကန်တော့ခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသူများကို ဆုချီးမြှင့်ခြင်းနှင့် စာရေးဆရာကြီးနှစ်ဦးက စာဆိုတော်နေ့ အကြောင်း ဟောပြောခြင်း၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရှိသောကျောင်းသား/သူများက ၄င်းတို့ ပြိုင်ပွဲဝင်ခဲ့သည့် စာမူများကို ပြန်လည် ပြောကြားခြင်း၊ ဖတ်ကြားခဲ့ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ