ဟိုင်းကြီးကျွန်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ပင်လယ်လိပ်မျိုးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန် လာစေရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်းအသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်(၉)နာရီအချိန်က ခမောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျင်းပပြုလုပ်ရာ၌ ဌာနဆိုင်ရာအကြီးအကဲများမှ သဘာဝပတ်ဝန်းကျင်မပျက်စီးစေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ကြရမယ့် အကြောင်းအရာများနှင့် ပင်လယ်အတွင်းသို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ပစ္စည်း များများ မစွန့်ပစ်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ပင်လယ်လိပ်မျိုးများ ရင်ဆိုင်နေရသော ပြဿနာများအား ရှင်းလင်းပြောကြားခဲ့ကြပြီး မည်သို့ဖြေရှင်းဆောင်ရွက်ကြရမည်ကို ဆွေးနွေးခဲ့ကြရာ ဌာနဆိုင်ရာအကြီးအကဲများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာစေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများအား ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၊ စိတ်ပါဝင်စားသည့် လူငယ်များ တက်ရောက် ခဲ့ကြပြီး ဌာနဆိုင်ရာအကြီးအကဲများနှင့် အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်