ချောက် နိုဝင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်မီးဘေးလုံခြုံရေးကော်မတီက ချောက်မြို့မစျေး မီးဘေးလုံခြုံရေးစစ်ဆေး အကြံပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးဘေးလုံခြုံရေးကော်မတီအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာ ပြီဖြစ်၍ မြို့မစျေးကြီးအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးစနစ်တကျ သုံးစွဲစေရေးနှင့် သွယ်တန်းထားသော လျှပ်စစ်ပစ္စည်းများအနီးတွင် မီးလောင်လွယ်ကူသောပစ္စည်းများ မထားရှိစေရေး စစ်ဆေးအကြံပေးခြင်းနှင့် ရေလုံလောက်စွာ ရရှိရေးအတွက် မြေအောက်ရေကန်၊ မြေပေါ်ရေကန်များစစ်ဆေးခြင်း၊ အပေါ့စားမီးသတ်စက်များ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေမန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်နှင့် ဝန်ထမ်းများ၊ ချောက်မြို့မရဲစခန်း ဒုရဲမှူး သန့်ဇင်ထူး၊ မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ဦး၊ မြို့မစျေးတာဝန်ခံ၊ စျေးကော်မတီဥက္ကဋ္ဌတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောက်မြို့မစျေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ဂါလံ ၃၂၀၀ ဆံ အမြင့်တင်ရေစင် ၁ ခု၊ ဂါလံ ၂၇၀၀ ဆံ မြေအောက်ရေကန် ၂ ခု၊ ဂါလံ ၆၀၀ ဆံ မြေပေါ်ရေကန် ၁ ခု၊ အပေါ့စားမီးသတ်စက် ၅ လုံး၊ မီးသတ်ဆေးဘူး ၄၀ ဘူး၊ အဆင်သင့်ထားရှိပြီး စျေးရုံ (၂၈)ရုံရှိ စျေးဆိုင်ခန်းပေါင်း (၁၂၀၂) ခန်းအား စည်ပင်အဖွဲ့ပိုင် မီတာ (၁၀) လုံး၊ စျေးဆိုင်ခန်းရှင်များပိုင် မီတာ(၂၂)လုံးဖြင့် စျေးဆိုင်ခန်းသုံးမီးလိုင်းနှင့် လုံခြုံရေးမီးလိုင်းခွဲခြား ၍ သွယ်တန်းအသုံးပြု ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)